ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် လွယ်ကူရိုးရှင်းတဲ့ အိမ်တွင်းကုထုံးများ
ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection) ဆိုတဲ့ ကျန်းမာရေးပြဿနာက အမျိုးသမီးတွေမှာ အလွန်အဖြစ်များပေမယ့် ကျား၊ မ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။
အမျိုးသမီးတွေမှာ ပိုအဖြစ်များရတဲ့အကြောင်းကတော့ အမျိုးသမီးတွေရဲ့ ဆီးထုတ်ပြွန်က အမျိုးသားတွေထက် ပိုတိုသလို စအိုနဲ့ ဆီးစပ်အကြားအကွာအဝေးကလည်း ပိုနီးကပ်တာကြောင့်ဖြစ်ပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ
- မကြာခဏ ဆီးသွားချင်စိတ်ဖြစ်ခြင်း
- ဆီးသွားနေစဉ် ပူစပ်ပူလောင်ဖြစ်ခြင်း
- ဆီးသွားနေစဉ် နာကျင်မှုဝေဒနာ ခံစားရခြင်း
- ဆီးအရောင်နောက်ကျိခြင်း၊ အရောင်နက်ခြင်း
- ဆီးအနံ့ပြင်းခြင်း
- ဆီးကျန်နေသလို ခံစားရခြင်း
- ဆီးစပ်ကနေ နာကျင်မှုဝေဒနာကို ခံစားရခြင်း
- ဆီး အနံ့နံခြင်း
- ဆီးအတွင်း သွေး၊ ပြည်ပါခြင်း
- (အမျိုးသမီး လူနာများတွင်) တင်ပဆုံ၌ နာကျင်ခြင်း တို့ဖြစ်လေ့ဖြစ်ထရှိပါတယ်။
ဒါ့အပြင် အခြေအနေပေါ်လိုက်ပြီးတော့ ကွဲပြားတဲ့ လက္ခဏာတွေပြသတတ်ပါသေးတယ်။
- ဆီးလမ်းကြောင်းမှတဆင့် ကျောက်ကပ်တွင်းအထိ ရောဂါပိုးဝင်ပါက အဖျားတက်တာ၊ ကိုယ်လက် မအီမသာဖြစ်တာ၊ အော့အန်တာ၊ ချမ်းတုန်တာ၊ ခါးနာတာတွေ ဖြစ်တတ်ပါတယ်။
- ဆီးအိတ်/ဆီးအိမ်အတွင်းဆီ ရောဂါပိုးဝင်ပါက လူနာသည် တင်ပဆုံ အရှေ့ပိုင်း (ဝမ်းဗိုက်အောက်ပိုင်း) တွင် ဖိအားခံစားရတာမျိုး၊ မကြာခဏ ဆီးသွားတာမျိုးနဲ့ ဆီးသွားရာမှာ သွေးပါတာမျိုး ဖြစ်နိုင်ပါတယ်။
- ဆီးထုတ်ပြွန်ထဲ ရောဂါပိုးဝင်ရင်တော့ ဆီးသွားနေစဉ်နဲ့ ဆီးထုတ်ပြွန်မှ သုက်ရည်ထွက်တဲ့အချိန်မျိုးတွေမှာ နာကျင်မှုဝေဒနာ ခံစားရနိုင်ပါတယ်။
ဆီးလမ်းကြောင်းထဲ ဝင်တဲ့ပိုးဟာ ဘက်တီးရီးယားပိုးအများဆုံးပေမယ့် မှိုပိုးတွေလည်း ဝင်နိုင်ပါတယ်။ အများဆုံးဖြစ်စေတတ်တာက အူမှာ တွေ့ရတတ်တဲ့ Escherichia Coli (E.Coli) ဘက်တီးရီးယား ကြောင့်ပါ။ ဒါပေမယ့် အခြား ဘက်တီးရီးယားတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်ကို သွားပြတဲ့အခါ သင့်တော်တဲ့ ပဋိဇီဝပိုးသတ်ဆေးကို သေချာသောက်မယ်ဆိုရင် ရက်သတ္တပတ်အနည်းငယ်အတွင်း သက်သာပျောက်ကင်းနိုင်ပါတယ်။
အိမ်မှာ ဘယ်လိုသက်သာအောင် လုပ်လို့ရမလဲ
အရမ်းမပြင်းထန်တဲ့အခြေအနေမျိုးမှာ ဆရာဝန်နဲ့ သွားပြဖို့မလိုဘဲ အိမ်ကနေ ကိုယ်တိုင်ကုလို့ရသလို ဆရာဝန်နဲ့ ပြနေရင်လည်း ဒီနည်းလမ်းတွေ သုံးပေးရင် ပျောက်ဖို့ ပိုမြန်ပါတယ်။
- အရည်၊ ရေများများ သောက်ပေးပါ။
- အချဉ်ဓာတ်ပါတဲ့ အသီးအနှံ များများစားပေးပါ။
- Probiotic ပါတဲ့ အချဉ်ဖောက်ထားတဲ့ အစားအစာတွေ ဥပမာ - ဒိန်ချဉ်၊ ကင်ချီတွေ စားပေးပါ။
- တစ်ကိုယ်ရေသန့်ရှင်းမှုကို သေချာဂရုစိုက်ပါ။
- ဆီးကို လုံးဝမအောင့်ထားပါနဲ့။
- ချင်းကို ဒီအတိုင်းစားပေးပါ သို့မဟုတ် ချင်းပြုတ်ရည် သောက်ပေးပါ။
အကယ်လို့ လုံးဝမသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြကြည့်ပြီး လိုအပ်တဲ့ ပိုးသတ်ဆေးတွေကို သောက်လို့ရပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် တွေ့ကရာ ပိုးသတ်ဆေး သောက်ရင်တော့ မပျောက်နိုင်ပါဘူး။
ရဲမျိုးမြတ်